မြိတ်မြို့တွင် (၉၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော် စတင်ကျင်းပ

မြိတ် အောက်တိုဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်းတွင် (၉၅) ကြိမ်မြောက် နှစ်ကျိပ် ရှစ်ဆူဘုရားပူဇော်ပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ အောက်တိုဘာ (၃၀) ရက် ညနေပိုင်းမှစတင်ကာ   အစဉ်အလာမပျက် စတင်ကျင်းပသည်။

မြိတ်မြို့တွင် ရာသီအလိုက် အထင်ကရပွဲတော်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား ပူဇော်ပွဲတော်တွင်  နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များကို စတီးရွှေရောင် သံဖရိန်စံကျောင်း အဆောင်များဖြင့် ခမ်းနားထည်ဝါစွာ ဆင်ယင်ကျင်းပပြီး မြိတ်မြို့၏ တန်ဆောင်မုန်းလတွင် စည်ကားသိုက်မြိုက်စွာ ပူဇော် ကျင်းပသည့် ဗုဒ္ဓပူဇာသဘင်ဖြစ်ကာ ပွဲတော်ရက်များအတွင်း ဇာတ်သဘင်နှင့်  ပျော်ပွဲရွင်ပွဲများဖြင့်  အောက်တိုဘာလ (၃၀) ရက်မှ နိုဝင်ဘာလ (၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ရာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ကြပြီး  နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ လာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူခဲ့ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ထိုနောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြ၍ လှူဒါန်းမှု အစုစုအတွက် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသ စံကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း(၁၀)ရက်မှ လပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဘုရားငါးဆူကွင်း၌ စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပမည်ဖြစ်ကာ တန်ဆောင်မုန်းလပြည့်နေ့ ညနေတွင် ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော်မှ မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ဗုဒ္ဓဘာသာအသင်းကြီးမှ ဦးဆောင်ကာ ဘုရားပွင့်စဉ်များအလိုက်  ပြဿဒ်မော်တော်ယာဉ်များဖြင့် မီးအလှဆင်ကာ  ရပ်ကွက်အသီးသီးသို့ သတ်မှတ်လမ်း ကြောင်းအတိုင်း လှည့်လည်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

 ခိုင်ထူး ( ပြန်/ဆက် )