လွိုင်ကော် အောက်တိုဘာ ၃၀
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲအဖြစ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများဆောင်ရွက်ရာတွင် အမှားအယွင်းမရှိစေရေး ဂရုပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် မဲစာရင်းများ မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေးတာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရွေးကောက်ပွဲကာလတစ်လျှောက်လုံးလုံခြုံရေး ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ထမ်းများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိက ပြည်နယ်အတွင်းရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် မဲရုံများလျာထားမှုအခြေအနေများအား လည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက်လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးက မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး၊ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်ကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသူများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဖြည့်ဆည်းပေးရန်နှင့်ပေါင်းစပ်ညှိနှိုင်းပေးရန်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)