မုံရွာ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင်ရောက်ရှိရာ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွန်းမံနေမှု၊ စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများ ခင်းကျင်းရန်ပြုပြင်နေမှု၊ စေတီတော်ကြီးတောင်ဘက်မုခ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှုများအားလိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံတည်ထားကိုးကွယ်နေမှုလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီးပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ဉာဏ်တော် ၁၀၈ ပေရှိ “မဟိယင်္ဂဏ” စေတီတော်မြတ်ကြီးပြန်လည်ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီးအတက်လမ်းပြုပြင်နေမှုများနှင့်ဉာဏ်တော် ၅၄ ပေရှိ “စေတီလှ” စေတီတော်မြတ်ကြီးများ အသစ်ပြန်လည်မွမ်းမံတည်ဆောက်နေမှုများအားလိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ပြူကံရပ်ကွက်ရှိ “အောင်သိဒွီ”စေတီတော်၊ “ဇမ္ဗုမင်္ဂလာ”စေတီတော်၊ “စက္ကဝဠာမင်းရန်သိမ်း”ဆုတောင်းပြည့်စေတီတော်၊ “ဖောင်တော်ဦး”ဆုတောင်းပြည့်စေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် တကောင်းရပ်ကွက် “သစ္စာ”စေတီတော်ရှိ အရန်စေတီတော် ၇ ဆူ ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်တရားရုံး၊ ခရိုင်ဥပဒေရုံးများ ပြန်လည်ပြုပြင်ပြီးစီးမှုများနှင့် ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်၊ အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာနှစ်အတွင်းစံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့်တည်ဆောက်ပြီးစီးရေး၊ ဌာနဆိုင်ရာများအနေဖြင့် ဘဏ္ဍာနှစ်အလိုက်ရရှိထားသည့် ဘဏ္ဍာငွေများအားအလေအလွင့်မရှိအောင် စနစ်တကျသုံးစွဲသွားရေး၊ ဒေသခံပြည်သူများစားရေရိက္ခာဖူလုံစေရေးအတွက် ခရိုင်အတွင်းဆီထွက် သီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့်စိုက်ပျိုးပြီးသည့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် အလေးထားဆောင်ရွက်သွာကြရန်နှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် မဲဆန္ဒရှင်စာရင်းများကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းများမှန်ကန်စေရန်အတွက် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်ကော်မရှင်အဖွဲ့များသာမကတာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နေမှုအခြေအနေများနှင့် စစ်ကိုင်းခရိုင်အတွင်းဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စာရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး၊မွေးမြူနေမှု၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)