ဟားခါး အောက်တိုဘာ ၃၀
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေး မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ စာဖတ်ခြင်းဖြင့် သိလိုရာကို စူးစမ်း ရှာဖွေနိုင်ရာ ဘဝမြင့်မားတိုးတက်လိုစိတ်ရှိသူတိုင်းသည် စာဖတ်ရမည်ဖြစ်ကြောင်း၊ စာဖတ်မှသာ ယဉ်ကျေးသည့် လူ့အတိုင်းအဝန်းနှင့် ယှဉ်တွဲနေထိုင်ကာ အဆိုးဘက်ကနေ အကောင်းဘက်သို့ ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း၊ သူတစ်ပါး၏ လိမ်ညာလှည့်ဖျားမှုကိုလည်း ကောင်းစွာကာကွယ်နိုင်မည်ဖြစ်သည့်အပြင် ပညာပြည့်ဝ၊ နှလုံးလှ၍ အမြင်ကျယ်ကာ ကြောက်ရွှံ့မှုတရားကင်းပြီး သတ္တိတိုးပွားလာမည်ဖြစ်ကြောင်း၊ ယနေ့လူငယ် နောင်တွင်လူကြီး ဟူသကဲ့သို့ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်တွေကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ် စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝသည့် လူရည်ချွန်လူရည်မွန်များဖြစ်လာအောင် ယခုစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများမှသည် စာပေဖတ်ရှုလေ့လာသည့် အလေ့အထများ ပေါ်ထွန်းရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထက်အဆင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူများကို ခေတ္တပြည်နယ် ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်းကောင်း ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယရရှိသူများကို ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ၊ တတိယရရှိသူများကို စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်ကလည်းကောင်း ၊ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယရရှိသူများကို သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းကလည်းကောင်း ၊ မူလတန်း (အထက်) အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ ရရှိသူများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း ၊ မူလတန်း ( အောက် ) အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ ရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍ ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
( ခရိုင် ပြန်/ဆက် )