ဇလွန် အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် (၅၄)ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲနှင့်တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော်တစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညတွင် မသိုးသင်္ကန်းရက်ချုပ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပြီး မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ရာတွင် ကိန္နရီစင်တော်၊ သမ္ဘူလ စင်တော်၊ မယ်မဒ္ဒီစင်တော်၊ အမရာစင်တော်တို့မှရက်ချုပ် လှူဒါန်းထားသော မသိုးသင်္ကန်းတော်မြတ်အား တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ဆက်ကပ်ပူဇော်၍ ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား သစ်သီးကိုးမျိုး၊ မုန့်ကိုးမျိုး၊ ပန်း၊ ဆီမီးများနှင့်ဆွမ်းတော်ကြီး ကပ်လှူပူဇော်မည်ဖြစ်ပြီး တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် တစ်ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ မီးပုံးပျံများ လွှတ်တင်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်သည်။
ဇလွန်မြို့ရှိ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးနှင့် ဂန္ဓကုဋီတိုက်အတွင်း ရှိရုပ်ပွားဆင်းတုတော် သုံးဆူတို့အား သက်တော်ထင်ရှားမြတ်စွာဘုရားအားရည်မှန်း၍ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခဲ့သည်မှာ ယခု ၁၃၈၇ ခုနှစ်တွင် (၅၄)ကြိမ်မြောက် ရှိပြီဖြစ်ပြီး မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်အတူ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကိုပါ ကျင်းပခဲ့သည်မှာ (၁၈ ) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း အကျိုးတော်ဆောင်ဂေါပကအဖွဲ့ထံမှ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)