ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက နှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်စေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံးဆောင်းသီးနှံစုံဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့ထိသီးနှံစုံဧက နှစ်သောင်းခွဲကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်းစိုက်ပျိုးခြင်းအပြင် ဖူးစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံမျိုးစုံနှင့် အခြားအထွေထွေစားသုံးသီးနှံအပါအဝင် စုစုပေါင်း သီးနှံစုံစိုက်ဧက ၁၂၇၉၃၇ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများ သီးနှံအလိုက် လျာထားချက်စိုက်ဧက ပြည့်မီစေရန်အတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် သီးနှံစုံစိုက်ဧက၂၅၁၇၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ တောင်သူများ ဆောင်းသီးနှံ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရေးနှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံဧက ၁၂၇၉၃၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သီးနှံအလိုက် လျားထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့အထိ စိုက်ပျိုးပြီးစီးမှုအနေနဲ့ မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ ဆီထွက်သီးနှံစုံ ၁၆၈၁၀ ဧက၊ ဖူးစားပြောင်းသီးနှံ ၇၄၈ ဧက၊ ပဲမျိုးစုံသီးနှံတွေဖြစ်တဲ့ ပဲကြီး၊ ပဲနောက် ထောပတ်ပဲနဲ့ အခြားပဲစတဲ့ ပဲမျိုးစုံသီးနှံ ၅၆၃၂ ဧက၊ စားဖိုဆောင်သီးနှံစုံ ၄၅၃ ဧက၊ ဟင်းသီးဟင်းရွက်သီးနှံစုံ ၂၈၄ ဧက ၊ ကျွဲနွားတိရစ္ဆာန်အစာ ၁၁၂၀ ဧက၊ အထွေထွေစားသုံးသီးနှံ ၁၃၀ ဧက၊ စုစုပေါင်း ဆောင်းသီးနှံစုံ ၂၅၁၇၇ ဧကအထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ဆောင်းသီးနှံတွေ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့၊ သီးနှံအထွက်နှုန်းများ တိုးတက်အောင် စနစ်တကျ စိုက်ပျိုးကြဖို့နဲ့ ပိုးမွှားရောဂါကင်းရှင်းရေး ကာကွယ်နှိမ်နင်းရေးတွေ ဆောင်ရွက်ကြဖို့ စတဲ့ စိုက်ပျိုးရေးအသိပညာပေး လုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်" ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအလိုက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေးနှင့် အလုံအလောက်ရရှိရေး ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ရာသီအလိုက် သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )