သရက်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်းနှင့် ပညာသင်စရိတ်ထောက်ပံ့မှု အကျိုးခံစားခွင့်များ ပေးအပ်

သရက် အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင်မှတ်ပုံတင်ထားရှိသော အလုပ်ဌာန(၂၉)ဌာနမှ အာမခံ အလုပ်သမားများသို့  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အချိန်ပြည့်ပညာသင်ကြားနေသော ပညာသင်ဆိုင်ရာ မိသားစုအကျိုးခံစားခွင့်နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ပေးအပ်ခြင်းအခမ်းနားကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပသည်။  

အဆိုပါအခမ်းအနားတွင် သရက်မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲတာဝန်ခံက အမှာစကားပြောကြားပြီး  ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများနှင့် အကျိုးခံစားခွင့်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရုံးခွဲတာဝန်ခံက အလုပ်ဌာနများကိုယ်စား ကမ္ဘာ့ရတနာဘဏ်မှ လက်ထောက်မန်နေဂျာထံသို့ အာမခံ အလုပ်သမား (၅၅)ဦးအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ငွေကျပ် (၄,၉၄၁,၆၅၇/၁၅)နှင့် အာမခံအလုပ်သမား (၂၇၅)ဦး၏ ကျောင်းနေ သားသမီးဦးရေ (၃၆၅)ဦးအတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးငွေကျပ်-၁၆,၄၅၅,၀၀၀/ကို ပေးအပ်ခဲ့သည်။

သရက်မြို့နယ် လူမှုဖူလုံရေး အာမခံအလုပ်သမားများသို့ ယနေ့ပေးအပ်သည့် အကျိုးခံစားခွင့်(၂) မျိုးပေါင်းအတွက် စုစုပေါင်း ငွေကျပ် နှစ်ရာတစ်ဆယ့်သုံးသိန်း ကိုးသောင်းကျော်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)