ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်

ပုလော အောက်တိုဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ဆောင်းသီးနှံ (မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးဆောင်တောင်သူများသို့ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းက ဆောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် လယ်မြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက် လာစေရန်၊ နိုင်ငံခြားဈေးကွက်ဝင်(မတ်ပဲ၊ မြေပဲ၊နေကြာ၊ အစေ့ထုတ်ပြောင်း)စိုက်ပျိုးခြင်းဖြင့် နိုင်ငံဝင်ငွေတိုးတက်စေရန်၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်းမွန် လာစေရန်ရည်ရွယ်၍ ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုလောမြို့နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးသူ အကျိုးဆောင်တောင်သူ ၂၇ ဦးကို စံပြစိုက်ဧက (၁၅)ဧကအတွက်  မတ်ပဲမျိုးစေ့ ၂၇ တင်း၊ အစေ့ထုတ်ပြောင်း ၇၅ (kg) ၊ မြေပဲ ၆ တင်း၊ နေကြာ ၂၇ (kg) အခမဲ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တက်ရောက်လာသူ တောင်သူတစ်ဦးက စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပေးသည့် ဆောင်းသီးနှံ (မတ်ပဲ၊မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များအား အကျိုးရှိစွာအသုံးချပြီး လျာထားချက်ပြည့်မီကျော်လွန်ရေးကြိုးစားစိုက်ပျိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)