ပခုက္ကူမြို့နယ်တွင် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်

ပခုက္ကူ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။

ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် စက်တင်ဘာလအတွင်း ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာနှင့်ထနှောင်းကုန်းကျေးရွာ၊ လယ်ယာကျေးရွာအုပ်စု၊ လယ်ယာအရှေ့စုကျေးရွာနှင့်လယ်ယာအနောက်စုကျေးရွာတို့မှ အိမ်ထောင်စု ၆၅စု၊ လူဦးရေ ၂၅၈ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၆၅၀၀၀၀၀ နှင့် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၂၉၀၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၇၇၉၀၀၀၀ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့်ဝန်ထမ်းများက ကမ်းပြိုဘေးသင့်ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)