မကွေးမြို့၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေး အောက်တိုဘာ ၃၀

ပြည်ပပို့ကုန်  သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို  အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော် ခန်းမတွင်ကျင်းပရာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံရဲ့ လယ်ယာကဏဟာ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျောရိုးတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်တိုင်းအထွက်နှုန်းရရှိရေးဟာ ပထမဦးစားပေးဖြစ်ပြီး ဒီနေ့အချိန်အခါမှာဖြင့် ပန်တိုင်းအထွက်နှုန်းရရှိရေးအပြင် ထွက်လာတဲ့သီးနှံတွေမှာလည်း ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးဆိုတာ ယှဉ်တွဲပါလာတာတွေ့ရှိရကြောင်း၊ သီးနှံထွက်ကုန်များမှာ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ဖို့၊ လျှော့ချနိုင်ဖို့အဓိက တောင်သူများပဲဖြစ်ကြောင်း၊ တောင်သူများ၊ စိုက်ပျိုးရေးသွင်းအားစုများရောင်းချသည့် အရောင်းကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအားလုံး   ပူးပေါင်းဆောင်ရွက်မည်ဆိုပါက   ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့်  စိုက်ပျိုးရေးထုတ်ကုန်များကို  ထုတ်လုပ်နိုင်မည်ဖြစ်ပြီး  ကမ္ဘာ့ဈေးကွက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရောင်းချနိုင်မည်ဖြစ်ကာ အောင်မြင်အောင်  အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။

ထို့နောက်  စိုက်ပျိုးရေးဦးစီးဌာန၊  သီးနှံကာကွယ်ရေးဌာနခွဲ၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက “ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ” ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တာဝန်ရှိသူများက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်တိုင်းအထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ “အင်းဆက်ဖျက် ပိုးများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်း နည်းများ၊ သီးနှံရောဂါများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံဖျက် ပေါင်းပင်များအား ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာစီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဓာတ်မြေဩဇာစနစ်တကျအသုံးပြုနည်းများနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကဆွေးနွေးချက်များအပေါ်အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော ပြန်ခန်းငယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း( ပြန်/ဆက်)