ကန့်ဘလူ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ရာသီ၌ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညှင်း၊ နေကြာနှင့် ပန်းနှမ်းစသည့် သီးနှံမျိုးစုံ ၂၀၁၁၄၉ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံမျိုးစုံအထွက်ကောင်း မျိုးကောင်းမျိုးသန့်များသုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ ဒေသထွက်မြေဩဇာအချိုးကျသုံးစွဲနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ဆီထွက်သီးနှံများစီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများအရည်အသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ်နည်းပညာများ ရယူသုံးစွဲနိုင်ရေးနှင့်စျေးကွက်ဝင်ဆီထွက်သီးနှံများကို စိုက်ပျိုးကြရန်အတွက်လည်း စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညှင်း ၅၆၃ ဧက၊ နေကြာ ၃၀၄၄ ဧကနှင့်ပန်းနှမ်း ၅၅၅၈ ဧက စုစုပေါင်း ၂၀၁၁၄၉ ဧက စိုက်ပျိုးရန် လျာထားပြီး မြို့နယ်အတွင်းသာမက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)