ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ရွှေဘို အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး‌ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် ရွှေဘိုခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘိုမြို့မဈေး၊ ကုန်းဘောင်ဈေး၊ အောင်ဇေယျဈေးတို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက မီးသတ်ဆေးဘူးများ လေပေါင်ပြည့်/ မပြည့်စစ်ဆေးပြီး မပြည့်ပါက အသစ်လဲလှယ်ခြင်း၊ လေပေါင်ဖြည့်ခြင်းပြုလုပ်ရန်၊ ရေလှောင်ကန်များတွင် ရေအမြဲဖြည့်ထားရန်၊ ဈေးလုံခြုံရေးတာဝန်ထမ်းဆောင်သူများအား ဈေးအတွင်း တာဝန်ချထား၍ မီးလောင်မှုဖြစ်ပွားခြင်းအား ကနဦးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးအသုံးပြု ငြိမ်းသတ်ခြင်းနှင့် အပေါ့စားမီးသတ်စက်ကလေးဖြင့် မီးငြိမ်းသတ်နိုင်ရေး လေ့ကျင့်ပေးထားရန် အပေါ့စားမီးသတ်စက်(Fire Portable Pump)များ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လုံခြုံရေးမီးနှင့် ပင်မမီးခွဲခြားထားပြီး ဈေးပိတ်ချိန်ဈေးတာဝန်ခံရုံးမှ မိန်းခလုတ်ချခြင်းကို မမေ့မလျှော့ဆောင်ရွက်ရန်၊ မီးလောင်မှု၊ မီးလန့်မှု ဖြစ်ပွားပါက ကနဦး မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်စခန်းသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်၊ ဈေအတွင်း မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးနှင့် ဈေးတံခါးများရှေ့တွင် ပစ္စည်းများပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ထားရန် ပြောကြားခဲ့ပြီး ရွှေဘိုမြို့ရှိဈေးများတွင် အပေါ့စားမီးသတ်စက်နှင့် မီးငြိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် မီးငြိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)