မော်လမြိုင် အောက်တိုဘာ ၂၈
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် ရွေးကောက်ပွဲအတွက်အရေးအကြီးဆုံးဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထားသည့်အတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့အနေဖြင့် မဲစာရင်းပြုစုရာတွင် လိုအပ်သည့် လိုအပ်ချက်များအဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲဆွယ်စည်းရုံးခွင့် လျှောက်ထားခြင်း၊ မဲဆွယ်စည်းရုံးခွင့်ပြုချက်ထုတ်ပြန်ခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် ဥပဒေ၊နည်းဥပဒေ၊ညွန်ကြားချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)