ကြံခင်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့်ဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းအားလုံးနှင့် မိသားစုဝင်များ၏ အမည်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေး ဌာနအကြီးအကဲများက ကြီးကြပ်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် နေကြာ၊ ပဲပုပ်ထည့်သွင်းစိုက်ပျိုးကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုး ခြင်းဖြင့် ဒေသအတွင်း စားဆီဖူလုံမည်အပြင် မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင်က သွားလာရေးတွင် လုံခြုံရေး အသိရှိကြရန်နှင့် နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင် မြို့နယ်လဝကဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက အမည်စာရင်းမပါသူများအား ပုံစံ(၃)၊ ပုံစံ(၃-က) တို့ဖြင့် လျှောက်ထားရမည်ဖြစ် ကြောင်း၊ ပထမအကြိမ်အမည်မပါသူများအား ပြင်ဆင်ဆောင်ရွက်ထားရှိအခြေအနေအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အသီးသီး တင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် နေကြာမျိုးစေ့(41)ပေးအပ်ပွဲကျင်းပခဲ့ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့မရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့်သောကြာဒူးကျေးရွာတို့မှ နေကြာစိုက်ပျိုးမည့် တောင်သူ များအား မျိုးစေ့ထုတ်များ အသီးသီးပေးအပ်ကြရာ တောင်သူများက လက်ခံရယူကြသည်။ အဆိုပါနေကြာအား ကြံခင်းမြို့နယ်တွင် ဧက ၈၀၉၁ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)