ကော့သောင်းမြို့တွင် ပညာရေးအထောက်အကူပြုဖောင်ဒေးရှင်းမှ နိုင်ငံတော်အဆင့် လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

ကော့သောင်း အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပညာရေးအထောက်အကူပြု ဖောင်ဒေးရှင်း(ကော့သောင်း)မှ နိုင်ငံတော်အဆင့်လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအုတ်မြစ်သည်  ပညာတတ်အရင်းအမြစ်ပေါများခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ဆိုတာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် သားကောင်းရတနာများဖြစ်၍ လူငယ်တွေကို ပညာထူးချွန်ပြီးထက်မြက်သည့် ဥာဏ်ရည်ဥာဏ်သွေးနဲ့  ကျန်းမာသန်စွမ်းခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည် အသွေးများပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင် ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်ခြင်းပင်ဖြစ်ပါကြောင်း၊ ကော့သောင်းခရိုင်အနေဖြင့် နိုင်ငံတော်အဆင့် လူရည်ချွန်မောင်မယ်များနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်အောင်မြင်ကြသည့်ကျောင်းသား၊ ကျောင်းသူတွေကို နှစ်စဉ်ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးလျက်ရှိပါ‌ကြောင်း၊လာမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ကော့သောင်းခရိုင်၏အောင်ချက်ရာခိုင်နှုန်းကို ယခုနှစ်ထက်ပိုမိုတိုးတက်အောင် ဆရာ၊ ဆရာမများ၊

 ကျောင်းသား၊ ကျောင်းသူများ၊ မိဘများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြပါရန်နှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်အဆင့်ထူးချွန်သူများ ဖြစ်အောင် ကြိုးစားကြပါ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်လည်း ဗလငါးတန်နဲ့ပြည့်စုံသည့် နိုင်ငံ့အကျိုးပြုသားကောင်း ရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင်ကြိုးစား၍ ပညာရေး ကဏ္ဍ၏ ထူးချွန်အောင်မြင်မှုများနှင့် ကော့သောင်းခရိုင်၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်း ပေးကြပါရန်” အမှာစကားပြောကြားခဲ့သည်။

ယင်းနောက်ပညာရေးအထောက်အကူပြု ဖောင်ဒေးရှင်း(ကော့သောင်း)ဥက္ကဋ္ဌ ဦးအင်ရှိန်က ပညာရေးအထောက်အကူပြုဖောင်ဒေးရှင်း (ကော့သောင်း) ဖွဲ့စည်းတည်ထောင်ရခြင်းနှင့် ပတ်သက်သောလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း) မှ ခေတ္တစစ်ဗျူဟာမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပညာရေးအထောက်အကူပြု ဖောင်ဒေးရှင်း(ကော့သောင်း)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံ တော်အဆင့်လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး‌ကျောင်းဆုများ ရရှိခဲ့သော ‌အထက(၁)၊ အထက(ခွဲ)အလက(၁)နှင့် ဒုတိယအောင်ချက် အကောင်းဆုံး ကျောင်းဆု ရရှိသော အထက(ခွဲ)အလက(၂)ကျောင်းတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)