မြိတ်ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မြိတ် အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင်  ဆောင်းသီးနှံ (မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်း) စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ပေးအပ်ပွဲနှင့်  မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည်။

မြိတ်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းထုတ်ကုန်များ ပိုမိုတိုးတက်ရရှိရေး၊ အဓိကသီးနှံများ လျာထားချက်ပြည့်မီရေး၊ တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးမြင့်ရေးအတွက် တောင်သူများအား   ဒေသရေမြေ ရာသီဥတုနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြစ်သော (မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်း) မျိုးစေ့များကို အကျိုးဆောင်တောင်သူများအား ဖြန့်ဖြူးပေးခြင်းဖြစ်ကာ စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် တောင်သူများ မိသားစုဝင်ငွေ တိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ 

ပေးအပ်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းခိုင် က ဆောင်းသီးနှံမျိုးစေ့များ ပေးအပ်ရခြင်းနှင့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၌ မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ရသည့် ရည်ရွယ် ချက်များအားရှင်းလင်းပြောကြားပြီး အကျိုးဆောင်တောင်သူများအား ဆောင်းသီးနှံ (မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်း)မျိုးစေ့များကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆောင်းသီးနှံမျိုးစေ့များ ပေးအပ်ရာတွင် အကျိုးဆောင်တောင်သူ(၇၅)ဦးအား မတ်ပဲ(၁၄၆.၆၂၅)တင်း၊ မြေပဲ(၂၄)တင်း၊ နှမ်း(၄)တင်း၊ နေကြာ(၉၃)ကီလို၊ အစေ့ထုတ်ပြောင်း(၃၀၀)ကီလိုတို့ကို ပေးအပ်ခဲ့ကြပြီး မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပရာ တောင်သူများနှင့် တက် ရောက်လာကြသူများအား မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်သည့်နေရာတွင် အဓိကကျသည့် မျိုးကွဲနုတ်ပယ် ခြင်းလုပ်ငန်းစဉ်များကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုး က အသိပညာပေးပြောကြားပြီး ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)