ဘားအံ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်ပညာရေးမှူးရုံး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က စနစ်သစ်ပညာရေးအစီအစဉ်အရ တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် မေးခွန်းပုံစံအရ သင်ကြားနည်းများ၊ ဖြေဆိုမည့်ဘာသာရပ်အလိုက် မေးခွန်းပုံစံအလေ့အကျင့်ရရှိစေပြီး သင်ယူတတ်မြောက်မှုတိုးတက်ကာ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲ ကိုတက်ရောက်ဆွေးနွေးကြမည့် ပညာရေးမိသားစုများအားလုံး ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ကောင်းမွန်ရေး၊ ဘာသာစုံဂုဏ်ထူးထွက်ရှိစေရေးတို့အတွက် စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ် ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးဒေါ်ရွှေရည်ထွန်းက အောင်ချက်မြင့်မားရေးလုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး အောင်ချက်မြင့်မားရေးဆိုင်ရာ လုပ်ငန်းများကို တစ်ရက်ကြာဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
 
     
    