ထားဝယ် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးတင်ထွန်းရွှေက နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် အခွန်စနစ်တစ်ရပ်ဖြစ်စေရေးအတွက် အခွန်နှုန်းထားများတည်ငြိမ်မှုရှိစေရေးကို အခြေခံပြီးလက်ရှိ ကောက်ခံနေသည့်အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံရေး နယ်ပယ်များကိုချဲ့ထွင်၍ကောက်ခံရေး မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အခွန်ထမ်းများအနေဖြင့် တာဝန်သိသိလိုလားစွာဖြင့်အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်းမဖြစ်သေးသူများအား အခွန်ထမ်းဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြေစာများအပေါ်အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အကြောင်းသိကောင်းစရာများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက်အခွန်ထမ်းပြည်သူများ၏ မေးမြန်းဆွေးနွေးမှုအပေါ်တွင် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)