ကြံခင်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မရုံတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာများအား ထပ်ဆင့်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးနေလင်း၊ ဒုဥက္ကဋ္ဌ ဒေါ်ခင်ခင်စန်း တို့က ASEAN က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်သို့ ကြောင်းအမျိုးမျိုးဖြင့် ရှောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးအပ်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ပေးပို့လာသော ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲက ယခုလိုထပ်ဆင့်ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အခြေခံမူ(၇)ချက်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးနေလင်း၊ ဒုဥက္ကဋ္ဌ ဒေါ်ခင်ခင်စန်းတို့က ယာယီနေရပ်စွန့်ခွာပြည်သူ ၂၁၈ ဦး၊ အိမ်ထောင်စု ၈၉ စုတို့အား အိမ်ထောင်တစ်စု လျှင် ဆန် ၂၄ ပြည် တစ်အိတ်နှင့် မိသားစု ၅ ဦးအထက်ရှိသူများအား ASEAN FAMILY KIT အကြီးအား လည်းကောင်း၊ ၅ ဦးအောက်ရှိသူများအား ASEAN FAMILY KIT အငယ်များအား အသီးသီးပေးအပ်ခဲ့ ကြသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ဆန်နှင့် ASEAN FAMILY KIT ပစ္စည်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းတို့ဖြင့် တိုက်ဆိုင်စစ်ဆေး၍ ထုတ်ပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)