ငဖဲမြို့မဈေးမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဈေးဆိုင်များကိုကွင်းဆင်းစစ်ဆေး

ငဖဲ  အောက်တိုဘာ  ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီး သုံးစွဲခြင်းကြောင့် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် ရည်ရွယ်ပြီး ငဖဲမြို့မဈေးရှိ ဈေးဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူ များ ပူးပေါင်း၍ ငဖဲမြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ငဖဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင် နှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးနိုင်လင်းဦး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာဦးအောင်ကျော်မင်း နှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဈေးဆိုင်ခန်းများစစ်ဆေးရာတွင် ဆိုင်ခန်းများ၌ လျှပ်စစ်မီးများစနစ်တကျ သွယ်တန်းထားမှုရှိ၊မရှိ၊ မီးသတ်ဆေးဘူးများထားရှိရေးနှင့်သုံးစွဲနည်း၊  မီးသုံးစွဲပြီးပါက မီးဖိုမှမီးကြွင်းမီးကျန်များ ကို စနစ်တကျငြိမ်းသတ်ထားရှိရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးကြိုးများသွယ်တန်းရာတွင် ဝပ်အားလျော့နည်းသည့်မီးကြိုးများကို မသုံးဘဲ တောင့်တင်းခိုင်မာ သော ဆားဗစ်ကြိုးများကို သုံးစွဲရန်၊ ဟောင်းနွမ်းသောမီးပလပ်ခုံများနှင့် မီးကြိုးများမသုံးစွဲရန်၊ မီးသတ်ဆေးဘူးများကို လွယ်လင့်တကူလှမ်းယူနိုင်သည့်နေရာတွင် ထားရှိရန်နှင့် ဈေးဆိုင်ခန်းများ ပိတ်ချိန်တွင်မီးများပိတ်ပြီး မိန်းခလုတ်များပိတ်ခဲ့ရေး တို့ကို မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။     

မယု(ငဖဲ)