မော်လမြိုင်ကျွန်းမြို့နယ်၌ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်းကို မြို့မ အ.လ.က ကျောင်းနှင့် ချမ်းမြေ့ အ.မ.ကကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဝင်းနှင့်ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့မ အ.လ.က ကျောင်းနှင့် ချမ်းမြေ့ အ.မ.က ကျောင်းတို့မှ KG ကျောင်းသား/ကျောင်းသူလေးများအား ထမင်း၊ ကြက်သားဟင်း၊ ပဲဟင်း၊ ကြက်ဥ၊ မြေပဲများစားသုံးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း(၃၀၈)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၃၂၉၃)ဦးအား နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ကျွေးမွေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ ဆက်)