မြောင်းမြတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

 

မြောင်းမြ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီက မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြောင်းမြ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုကမဲစာရင်းများမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မကျန်စေရေးနှင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအုန်းသိန်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့သည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းဝင်းက ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများအား လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇေယျာ( မြောင်းမြ)