ပွင့်ဖြူ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ မီးလောင်မှု ၊ မီးလန့်မှုများ မဖြစ်ပေါ် စေရေးအတွက် ပြည်သူများ လိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူ - မင်းဘူး - မကွေးသွားကားလမ်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ ၊ မီးသတ်ဆေးဘူး ၊ မီးသတ်စက်နှင့် အရေးပေါ် မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အသုံးပြုနိုင်ခြင်း ရှိ/ မရှိ၊ ဆီသိုလှောင်ကန်များ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ၊ မီးလောင်လွယ်သော လောင်စာများ မရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး စက်သုံးဆီအရောင်းဝန်ထမ်းများအား မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် လက်တွေ့မီးငြှိမ်း သတ်နည်းများကို လေ့ကျင့်သရုပ်ပြသခဲ့သည်။
ထို့အပြင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ ၁၆(က)အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သော မြို့၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ၊ မီးဘေးကာကွယ်ရေး ဆိုင်ရာများကို အသိပေး ၊ သတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်း၊ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ရေရရှိရေးအတွက် မြို့ပေါ်ရှိ မီးသတ်ရေကန်များအား ရေဖြည့်တင်းခြင်းစသည့် မီးသတ်တပ်ဖွဲ့လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )