ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သောဖူးစားပြောင်း ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ နှုန်း ထွက်ရှိ

ပွင့်ဖြူ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ ဖူးနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၂၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ စိုက်ပျိုး ထားသော ဖူးစားပြောင်းစိုက်ခင်းများကို ယခုနှစ် ဩဂုတ်လ ဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် တစ်ဧကလျှင် ပြောင်းဖူးရေ ၁၄၃၀၅ နှုန်း ထွက်ရှိကြောင်း သိရသည်။

“ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီက ဖူးစားပြောင်း ၂၂၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ ဖူးစားပြောင်း စိုက်ခင်းတွေကို ယခုနှစ် ဩဂုတ်လ ဒုတိယပတ်လောက်ကစပြီး ရိတ်သိမ်းခဲ့ရာ လက်ရှိမှာ ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါ တယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ပြောင်းဖူးရေ ၁၄၃၀၅ ဖူးနှုန်းထွက်ရှိပါတယ်။ ဖူးစားပြောင်းစိုက်ခင်းတွေ ဖြစ်ထွန်းအောင်မြင်ဖို့၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေဖို့နဲ့ အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းပညာများကို အသိပညာပေးတာတွေ ဆောင်ရွက် ပေးခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် အထွက်နှုန်းကောင်းသောမျိုးများ စိုက်ပျိုးနိုင်ရေး၊ ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြစ်သည့် တမာပိုးသတ်ဆေးအသုံးပြုရေး၊ သီးနှံများ အချိန်မီ ရိတ်သိမ်းနိုင်ရေးနှင့်ရိတ်သိမ်းပြီးသီးနှံများ အမိုးအကာအောက်သို့ စနစ်တကျ ထားသိုထိန်းသိမ်းနည်း ပညာများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖူးစားပြောင်းကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်ပြီး ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )