မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မင်းဘူး   အောက်တိုဘာ   ၂၆

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၂၅ နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာ ကံသာယာဓမ္မာရုံ၌ ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံကုလားကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) လက်တွေ့စမ်းသပ်သရုပ်ပြဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ကံသစ်၊ ကုလားပါး၊ ကံကုလား၊ ကျောက်ဆစ်ပုံ၊ ကျောက်စံ၊ မန်းကောက်ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဦးစီးမှူး ဦးမြင့်ဦးက ဆိုလာရေတင်လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကာ တောင်သူဦးမြင့်လွင်တင်ပြထားသည့် ကျောက်ဆစ်ပုံကွင်း စိုက်ဧက ၁၂၃ ဧကရှိ ရေပူရိုးမှထွက်ရှိလာသည့်ရေများကို ဆိုလာရေတင်စနစ်ဆောင်ရွက်ပေးနိုင်ရေး နိုင်ငံ့စီးပွားရေး ရန်ပုံငွေမှ  ချေးငွေရယူနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသယံဇာတဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့က ဝန်ကြီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တောင်သူများက မိမိတို့၏ဒေသအခက်အခဲများကို ရှင်းလင်းတင်ပြကြရာ တာဝန်ရှိသူများက ညှိနှိုင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံသစ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ကံကုလားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ လက်ခံယူကြောင်းသိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)