ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး

ပုသိမ်   အောက်တိုဘာ    ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်တက္ကသိုလ်ဓမ္မာရုံဝန်းအတွင်း ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှဆရာ၊ ဆရာမများ၊  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန် စေရေးနှင့် အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်း နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊  ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်သုံးဆင့်ပန်ခြံအဆင့်မြှင့်ရေး၊ မြေပြင်ခြင်းလုပ်ငန်းများအား စက်ယန္တရားများဖြင့်ဆောင်ရွက်နေမှုများကိုကြည့်ရှစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြေပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ မြက်စိုက်ခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြေပြင်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ မြက်များစနစ်တကျစိုက်ရန်၊ ပန်းအလှပင်များ၊ မြေယာရှုခင်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပုသိမ်မြို့ အမှတ် (၈) နယ်မြေ သရောင်းချောင်းလမ်း အဘယသီဝံရွှေကျင်တိုက်သစ်ကျောင်းတိုက်သို့သွားရောက်၍ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃) ရက်၊ အောက်တိုဘာ ၂၃ ရက်  နံနက် ၉ နာရီခွဲတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့ပြီးဖြစ်သည့် အဘယသီဝံရွှေကျင်တိုက်သစ်ကျောင်းတိုက်နှင့် မဟာသီဝံ သာမဏေကျော် စာသင်တိုက်တို့၏ ဦးစီးပဓာနနာယက ဧရာဝတီတိုင်းဒေသကြီးဘိုးဘွားရိပ်သာ၏ အကျိုးတော်ဆောင်နာယက၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဩဝါဒါစရိယ၊ မြန်မာ့ပရဟိတအလင်းရောင် ဗုဒ္ဓသာသနာပြုအသင်း၊ မြန်မာနိုင်ငံတော်၏ ဩဝါဒါစရိယအဖွဲ့ဝင်၊ အဂ္ဂမဟာပရဟိတဓရ၊ မဟာဓမ္မဂဟာဟိတဓရ၊ ကမ္ဘာ့ဗုဒ္ဓဂုဏ်ရည်ထူးချွန် (အိန္ဒိယ)၊ မြန်မာ့ပရဟိတသာသနာပြု ဂုဏ်ထူးဆောင်၊ ထိုင်းဘုရင်မင်းမြတ်တော်ဝင် မိသားစု၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်နှင့် (၄) နိုင်ငံသာသနာပြုဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တော်ရ ပုသိမ်မြို့ လမင်းတရာဘက်စုံပရဟိတဆရာတော်၊ သက်တော် (၅ဝ) နှစ်၊ သိက္ခာတော် (၃၀) ဝါရှိ ဘဒ္ဒန္တစန္ဒာသိရီ၏ ဥတဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဆက်လက်ဖူးမြော်ကြည်ညိုခဲ့ပြီး အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင်ဆင်ယင်ကျင်းပနိုင်ရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လမင်းတရာဘက်စုံပရဟိတဆရာတော်၊ ဘဒ္ဒန္တစန္ဒာသိရီ၏ အန္တိမအဂ္ဂိဈာပနသာဓကိဠနပူဇာသဘင်ဆင်ယင်ကျင်းပနိုင်ရေးအတွက် အလှူငွေများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လမင်းတရာဘက်စုံပရဟိတဆရာတော်၊ ဘဒ္ဒန္တစန္ဒာသိရီ၏ အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင် ဆင်ယင်ကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)