ပဲခူး အောက်တိုဘာ ၂၅
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ ညနေပိုင်းက မြို့ပြရှာဖွေကယ်ဆယ်ရေး ( Light USAR Team) သရုပ်ပြသမှုအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ နားလည်တတ်ကျွမ်းပြီး တစ်ဦးချင်းလုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားလာစေရန်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၌ ဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team) သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရ၍ ဖွဲ့စည်းပေးရခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များအနေဖြင့် သဘာဝဘေးအန္တရာယ်တွေ မကျရောက်ခင်ကတည်းက ကြိုတင်လေ့ကျင့်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားနေရန်လိုအပ်ပြီး သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ အသက်စွန့် ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အခက်အခဲများနှင့် အန္တရာယ်ကြားမှ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုများကို အပြည့်အဝအသုံးပြုပြီး အောင်မြင်စွာအသက်ကယ်တင်နိုင်ရန် ဘေးအန္တရာယ် လုံခြုံမှုအပိုင်းမှာ အဓိကကျသည့် လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှု၊ ပြီးပြည့်စုံသောလုံခြုံမှုစသည်တို့နှင့် အသိပြုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်ဦး တစ်ယောက်ချင်းစီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပရဟိတစိတ်ကိုအရင်းခံပြီး အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထု အားကိုးယုံကြည့်ရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရေးအတွက် စွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၌ ဖွဲ့စည်းထားရှိသည့် မြို့ပြရှာဖွေကယ်ဆယ်ရေး(Light USAR Team) အဖွဲ့ဝင်များက အထပ်အမြင့် အဆောက်အဦအတွင်းရှိ ပတ်မိလူနာအား ဘေးလွတ်ရာမြေပြင်သို့ ကယ်ဆယ်ရွှေ့ထုတ်ခြင်းနည်းစနစ် သရုပ်ပြသခြင်း၊ တိမ်းစောင်းနေသည့် အန္တရာယ်ရှိ အဆောက်အဦအား ဒေါက်ထောက် ခြင်း၊ ကျားကန်ခြင်းနည်းစနစ် သရုပ်ပြသခြင်း၊ တောင်ကြားအသက်ကယ်ဆယ်ခြင်းနည်းစနစ် သရုပ်ပြသခြင်း၊ အဆောက်အဦအတွင်း ပိတ်မိနေသည့် လူနာအား ထွင်းဖောက်၊ ဖြတ်တောက်ခြင်းနည်းစနစ်ဖြင့် အသက်ကယ် သရုပ်ပြသခြင်းနှင့် နံရံပိနေသည့် လူနာအား မတင်ရွှေ့ပြောင်းခြင်းနည်းစနစ်ဖြင့် ရှာဖွေကယ်ထုတ်မှု သရုပ် ပြသခြင်းတို့အား ပြသခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့ပြရှာဖွေကယ်ဆယ်ရေး ( Light USAR Team) အဖွဲ့ဝင်များဖြစ်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက် လာသည့် မြို့ပြရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားယာဉ်ရပ်နားဝန်းအတွင်း၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်နှင့် စတုဒီသာကျွေးမွေးသည့်မဏ္ဍပ်တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)