ရွှေဘို အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ-မ-က(၁၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မိမိတို့ဆုံးဖြတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိအောင် မလျှော့သောဇွဲ၊ ပြင်းပြသည့်စိတ်ဆန္ဒများဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ အောင်မြင်တိုးတက်သူတစ်ယောက်ဖြစ်ရန် နေ့စဉ်စာဖတ်ဖို့လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုကြရန်၊ စာဖတ်ခြင်းသည် ယဉ်ကျေးသိမ်မွေ့ပြီး တိုးတက်မည့်နည်းလမ်းကောင်းများ ရရှိမည်ဖြစ်ကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီထွေးက လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)