မြောင်းမြခရိုင် Community Centre ခန်းမတွင် Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မြောင်းမြ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် Book Club အဖွဲ့နာယက ဆရာကြီး ဦးခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာများအသင်းက ကျင်းပသည့် တတိယအကြိမ်စာပေညီလာခံအထိမ်းအမှတ် ဒုတိယအကြိမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် စာရေးဆရာနေခြည်အောင် (မြောင်းမြ) ရေးသားသည့် "ထာဝကြာရှည် အလှဖြာဝေ မြန်မာ့စာပေ" ကဗျာဖြင့် မြောင်းမြပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စာဖတ်ဝိုင်းတက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဇေယျာ (မြောင်းမြ)