မြဝတီမြို့၌ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့အောင်နိုင်ရေးအတွက် ဒုံးမြေချပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ

မြဝတီ အောက်တိုဘာ ၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့်နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ပြသခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်ပါကြောင်းနှင့် ခရိုင်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် လူငယ်မောင်မယ်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ စီစဥ်ဆောင်ရွက်ထားရှိလျက်ရှိကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကရင်စာပေနှင့်ယဥ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း၊ နာယက၊ မြဝတီမြို့တောင် ကလေးအေးရိပ်သာကျောင်းဆရာတော် အရှင်အဂ္ဂဝံသကသြဝါဒကထာ မြွက်ကြားခဲ့သည်။ ဆက်လက်ပြီး မြဝတီမြို့ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် ခရိုင်ကိုယ်စားပြုကရင်ရိုးရာ ဒုံးအကအဖွဲ့ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်သိန်းမြင့်တို့က သြဝါဒစကားနှင့် ကျေးဇူးတင်စကားတို့ကို ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ကိုယ်စားပြု ကရင်ရိုးရာဒုံးအကအဖွဲ့မှ ရိုးရာဒုံးမြေချပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုံးအကနည်းပြဆရာ စောအောင်ကျော်ငြိမ်း ဦးဆောင်၍ ဒုံးအကအဖွဲ့တို့က ကရင်ရိုးရာအစဉ်အလာအတိုင်း ရိုးရာကန်တော့ခြင်း(ဒုံးမြေချခြင်း)တို့ကို ဆောင်ရွက်ခဲ့ကြပြီး မြဝတီခရိုင်ကိုယ်စားပြု မြဝတီမြို့ဒုံးအကအဖွဲ့နှင့် ရွှေကုက္ကိုလ်မြိုင်ဒုံးအကအဖွဲ့ လူငယ်မောင်မယ်များက ပြိုင်ပွဲဝင်တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီမြို့နှင့်ရွှေကုက္ကိုလ်မြိုင် ကိုယ်စားပြု ကရင်ရိုးရာယဥ်ကျေးမှု ဒုံးအကအဖွဲ့တို့အားလည်းကောင်း၊ ကရင်ရိုးရာဒုံးအက နည်းပြဆရာတို့အား လည်းကောင်း တာဝန်ရှိသူအသီးသီးမှ ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)