ပြည်မြို့ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည် အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ စင်္ကြန်တောင်တောရကျောင်းဝင်းအတွင်းရှိ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်စကားဝိုင်း ကျင်းပရာ အဆိုပါကျောင်းမှကျောင်းအုပ်ကြီးနှင့်  ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများ ၁၅၀ ခန့်တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး ကာယ/ဉာဏစွမ်းရည်အပါအဝင် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်  ဘက်စုံထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပြီး လူငယ်စကားဝိုင်းစတင်ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်တို့က  Moderator အဖြစ်ဆောင်ရွက်ကြပြီး အဆိုပါကျောင်း Grade- 11မှ မအိတုံချစ်က "လူငယ်နှင့်စာပေ" ၊ မောင်အောင်သူခိုင်က "လူငယ်နှင့်သဘာဝပတ်ဝန်းကျင်"နှင့် မဝင်းပြည့်ပြည့်ဖြိုးက "လူငယ်နှင့်ဆိုရှယ်မီဒီယာ" ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Grade-10မှ မဇာခြည်အောင်က "လူငယ်နှင့်အားကစား"နှင့် မယွန်းရွှေရည်ဝင်းက "လူငယ်နှင့်မူးယစ်‌ဆေးဝါးအန္တရာယ်"ခေါင်းစဉ်တို့ဖြင့်လည်းကောင်း သက်ဆိုင်ရာခေါင်းစဉ်အလိုက် အသိပညာဗဟုသုတအကြောင်းများကို တစ်ဦးချင်းအလှည့်ကျ ဦးဆောင်ပြောဆိုဆွေးနွေးကြသည်။

ယင်းနောက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ်  ဒုတိယမြို့နယ်ပညာရေးမှူးက ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးခဲ့သူများက ကဏ္ဍအလိုက်ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေး‌နွေးခဲ့သူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား‌သော သုတ/ရသစာအုပ်စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)