ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာသီးနှံ ၂၆၅၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာသီးနှံ ၂၆၅၀ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာစိုက်ဧက ၁၆၁၅၀ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါနေကြာသီးနှံစိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာသီးနှံ ၂၆၅၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ တောင်သူများနေကြာသီးနှံ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာသီးနှံ ၁၆၁၅၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားစိုက်ဧက ပြည့်မီစေဖို့ အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ဒီနေ့မှာ ၂၆၅၀ ဧကထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နေကြာသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အထွက်နှုန်းများတိုးတက်စေဖို့နဲ့ အရည်အသွေး ကောင်းမွန်စေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ နေကြာသီးနှံ စိုက်ပျိုးခြင်းကို သီးသန့်စိုက်ပျိုးကြသလို အခြားသီးနှံများနဲ့ ရောနှောကာ သီးညှပ်စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေကြာကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိးနိုင်မည်ဆိုပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)