မြဝတီ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများ လစဉ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက လူငယ်များ ဗလငါးတန်နှင့်ပြည်စုံစေရန်၊ လူတော်လူကောင်းများ ဖြစ်လာကြစေရန် သိရှိလိုက်နာရမည့်အချက်များ၊ အသိပညာဗဟုသုတများ ကြွယ်ဝကြစေရန်၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတက်စေရန် ကျောင်းစာအပြင် စာပေဗဟုသုတများ လေ့လာ ဖတ်ရှုသည့် အလေ့အကျင့်များပျိုးထောင်ရန် နည်းလမ်းများအားလည်းကောင်း၊ မြဝတီမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ် ကြက်ခြေနီသူနာတပ်ဖွဲ့၊ တပ်ခွဲမှူးဦးကျော်ဇေယျာဝင်းနှင့် တပ်ခွဲမှူး၊ ဦးစိုင်းဖြိုးမောင်တို့က ကျောင်းပတ်ဝန်းကျင်၊ မိမိပတ်ဝန်းကျင်များ၌ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟော ပြောခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)
 
     
    