ဘားအံ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ အုန်းတပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်အားဖြည့် ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့၊ ကျောင်းသား၊ကျောင်းသူယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများသည် အုန်းတပင်ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)စာသင်ခန်း ၊စာသင်ဆောင်များအတွင်း စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသား စာပေဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတ၊ ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ အမျိုးမျိုး စာအုပ်ဈေးရောင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာစာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှု၊ လူငယ်စာဖတ်ဝိုင်း၊ အလယ်တန်း အဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေးအထောက်အကူပြုပြခန်း၊ အခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်းပဟေဋ္ဌိ(Kahoot Quiz)ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်း ကျောင်း သုတအလင်းခန်းမ၌ ကျင်းပရာ အိန္ဒုအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တက်ရောက်လာသူများက နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် ဗီဒီယိုကလစ်ကို အတူတကွကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူကြမည့် ယနေ့ကျောင်းသားလူငယ်များသည် အသိပညာဗဟုသုတမြင့်မားပြီး အကောင်းအဆိုး၊ အကြောင်းအကျိုး ကိုဝေဖန်ပိုင်းခြားနိုင်သူများဖြစ်ရန် အထူးလိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများစုစည်းရာ ကျောင်းစာကြည့် တိုက်များရှင်သန်ဖွံ့ဖြိုးရေး၊ ကျောင်းစာကြည့်တိုက်များကို အမှန်တကယ်အသုံးပြုလာစေရေး၊ စာဖတ်သည့်အလေ့အထ ကောင်းများကိုမွေးမြူပေးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် စာပေဖတ်ရှုသည့်အလေ့အထများဖြစ်အောင် ဆောင်ရွက်ပေးနိုင်မှသာ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး ကျောင်းစာကြည့်တိုက်များရေရှည် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာ အောင် မိဘ၊ ဆရာ၊ ကျောင်းသား အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အုန်းတပင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက လူမျိုးဂုဏ်ကို စာပေးဖြင့်မြှင့်တင်ကြပါစို့သီချင်း၊ လွန်းညအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ပန်းတိုင်းပွင့်ပါစေသီချင်း၊ အိန္ဒုအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းများလန်းရာ မြေသီချင်း၊ ခနိမ်းဒိုအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်မှာစာပဒေသာ ဝေဆာစေ သီချင်း၊ အုန်းတပင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မင်္ဂလာပါ သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပါဝင်ဆင်နွှဲကြသည့်ကျောင်းသား၊ကျောင်းသူများအား နေ့လယ်စာများ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါအထက်တန်း(ခွဲ)ခန်းမ၌ ကျင်းပရာ အထက(နောင်လုံ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထိန်းသိမ်းစို့လေစာပေအမွေ သီချင်းဖြင့်ကပြဖျော်ဖြေကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(Khoot Quiz Game)ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သောက်ရေသန့်လှူဒါန်းပေးသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း၊ စာပေဟောပြောပွဲတွင် ဆွေးနွေးဟောပြောပေးကြသော စာရေးဆရာ/ဆရာမများကို ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ အကဲဖြတ်အမှတ်ဒိုင်များအား အမှတ်တရ လက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေ တင်ဆက်ကြကာ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
 
     
     
     
    