အုတ်တွင်း အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အခွန်ဆိုင်ရာပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်၁၀ နာရီခွဲက အုတ်တွင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဇေအောင်က ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်(၅)မျိုးအကြောင်းအရာ၊ ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်များအကြောင်းအရာများ၊ အထူးကုန်စည်နှင့် ပြေစာအမှတ်တံဆိပ် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဇေအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း အင်အား( ၃၁ )ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး မှသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)