ဒေးဒရဲမြို့နယ် ကုလားကုန်းတန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကုလားကုန်းတန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း