ငါးသိုင်းချောင်း အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.ထ.က ငါးသိုင်းချောင်းကျောင်း၏ (၇၄)ကြိမ် မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကိုဆရာ၊ ဆရာမများက ကြီးကြပ်၍ နံနက်(၇း၀၀)အချိန်မှ စတင်ပြီး ကျောင်းသား၊ ကျောင်းသူ(၅၀၀)ဦးခန့်သည် အလံကိုင်၊ ကွမ်းတောင်ကိုင်၊ စာတမ်းကိုင်စသည်ဖြင့် လည်းကောင်း၊ ကျွဲအက၊ ဦးရွှေရိုးအက၊ တိုးနယားအကတို့ဖြင့် လည်းကောင်း မြို့အတွင်းသို့ စီတန်းလှည့်လည်ကြရာ လမ်းဘေး ဝဲယာတစ်လျောက်တွင် မိဘပြည်သူများက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အားပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါဘုံကထိန်ပွဲအား ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းလှူဒါန်းငွေကျပ် ၁၄,၆၄၈,၈၀၀/-ကို ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဇောတိကာရုံကျောင်းတိုက်တွင် ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်ရာ ရွှေတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒြိယာဘိဝံသမဟာထေရ်မှ ကထိန် အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်ဆက်)