မြောင်းမြ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အ.လ.က ဘုရားချောင်း (ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.လ.က ဘုရားချောင်း (ရပ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟက လူကုန်ကူးမှုဥပဒေအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအားကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)