ဟင်္သာတ အောက်တိုဘာ ၂၅
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု၊ သာဒီကွင်းကုလားစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ကျောင်းသား ကျောင်းသူများအား"ဗလငါးတန်ဖွံ့ဖြိုးဖို့ စာပေလေ့လာဖတ်ရှုကြပါစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားခြင်း၊ ဦးစီးအရာရှိ ဒေါ်အေးအေးမာက "လူငယ်တွေစာဖတ်ဖို့ စာကြည့်တိုက်ကို သွားကြစို့" ခေါင်းစဉ်ဖြင့် အသိပညပေး ဟောပြောပါသည်။
ထို့အပြင် အငယ်တန်းစာရေး ဒေါ်မွန်မြတ်သူက မူလတန်းကလေးငယ်များအား ဗဟုသုတရရှိစေမည့် ရုပ်ပြပုံပြင်စာအုပ်များဖြင့် မိတ်ဆက်ပေးခြင်း၊ ကလေးငယ်များအား သရုပ်ပြပုံပြင်ပြောပြခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ကျောင်းသားလူငယ်များအတွက် ကျောင်းစာကြည့်တိုက် လက်တွေ့အသုံးချခြင်း အစီအစဉ်အဖြစ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများအပြင် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမား၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှု အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၈၂) ဦး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)