ထန်ပါခွေ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ဆရာဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဟန်မျိုးထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ အပြောစွမ်းရည်များရရှိလာစေရန်၊ ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်များရှိလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ လေ့လာတတ်စေရန်၊ အချိန်ကို အကျိုးရှိရှိအသုံးပြုတတ်စေရန်၊ စာပေဗဟုသုတများကို လေ့လာခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ထန်ပါခွေမြို့ ပြန်/ဆက်ဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်စန္ဒာဖြူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ (Grade-9) မှကျောင်းသူ မကြောင်လန်းနှင့် မပိရှည်တို့က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-9) မှ ကျောင်းသား မောင်ကောင်းနှင့် မောင်ရူးပီးထောင်တို့က လူငယ်နှင့် ခရီးသွားခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ သုတ၊ ရသ စာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အလန်(ထန်ပါခွေ)