ကြံခင်း အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများကို ဇွဲလုံ့လဝီရိယထား၍ ကြိုးစားသင်ယူမှတ်သားကာ ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ဖိုးထမ်းရွက်နိုင်သော သားကောင်းရတနာများဖြစ်လာစေဖို့ မျှော်လင့်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိစေရန်အတွက် ပြန်/ဆက်ဌာန၊ အခြားဌာနများဖြင့် ပူးပေါင်း၍ ကျောင်းအခြေပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး ကလေးသူငယ်များအား လူကုန်ကူးမှုအန္တရာယ်အကြောင်းကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူး (၇) မျိုးအား အသိပညာပေးဟောပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မေသဇင်က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ဟောပြောပြီးနောက် (အ.မ.က) မြို့မမြောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကေသွယ်ရှင်းက ကျောင်းသား၊ ကျောင်းသူများအား ယခုလို အသိပညာများစွာရရှိလာအောင် ဟောပြောခဲ့ကြသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စေရန် ဂိမ်းပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ သုတရသ စာအုပ်စာစောင်ပြပွဲ၊ မူးယစ်အန္တရာယ်တို့ကာကွယ် အသိပညာပေး နံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)
 
     
     
     
    