ဖြူး အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့ပေါ်အခြေခံပညာကျောင်းများရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ပြိုင်ပွဲပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရာ ကျောင်းသား/ ကျောင်းသူ (၂၀)ဦးက စကားပုံဆက် ပဟေဠိမေးခွန်းများဖြေဆိုပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက ဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား ၂၃-၁၀-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ "အလေးအနက်ဆောင်ရွက်ကြရမည့် နိုင်ငံသားကောင်း၊ သမီးကောင်းတာဝန်" ဆောင်းပါးအား စာဖတ်စွမ်းရည်ယှဉ်ပြိုင်ပွဲအနေဖြင့် ဖတ်ကြားစေခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)