စစ်ကိုင်း အောက်တိုဘာ ၂၅
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်အတွက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများတွင် ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခိုင်ခိုင်သိန်းက လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယနေ့အခမ်းအနားတွင် ထူးချွန်သင်တန်းသား၊ သင်တန်းသူ(၁၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၄)သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)