ပဲခူး အောက်တိုဘာ ၂၅
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ယမန်နေ့နံနက်ပိုင်းက World sight day ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ် (တတိယ) အကြိမ်မြောက် မျက်စိကျန်းမာရေးစစ်ဆေးပေးမှုနှင့် ခွဲစိတ်ကုသခြင်း ဆောင်ရွက်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် လိုက်နာရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခွဲစိတ်ပြီး လူနာများ၏ မျက်စိကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့နှင့်အတူ မျက်စိခွဲစိတ်ကုသရန် လူနာများနှင့် မျက်စိခွဲစိတ်ကုသပြီးလူနာများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ခွဲစိတ်ကုသပြီးလူနာများအား ဆေးမျက်မှန်များတပ်ဆင်ပေးကာ အာဟာရ ဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည့်အပြင် မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မျက်စိခွဲစိတ်လူနာများနှင့် လူနာစောင့်များအတွက် နေ့လယ်စာထမင်းဘူးများ၊ သောက်ရေသန့်ဘူးနှင့်မုန့်များ ကျွေးမွေးလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု့ဖြင့် (တတိယ)အကြိမ်မြောက် မျက်စိကျန်းမာ ရေးစစ်ဆေးပေးမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခြင်းကို ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် တောင်ငူမြို့ပြည်သူ့ ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးတို့က မျက်စိရောဂါလူနာ (၂၇၀) ဦးတို့အား အောက်တို့ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)