ပုသိမ် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးနှင့် အစာပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝ်ရှိသူများနှင့် အတူ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်တို င်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည်ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များနှင့် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ဘက်စုံထောင့်စုံမှကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စုစုပေါင်း လယ်စိုက်ပျိုးမြေဧရိယာ (၁၀)ရာခိုင်နှုန်းခန့်သည် ရေနက်ကွင်းများဖြစ်သဖြင့် မြေပြုပြင် သည့် လယ်စပါးစိုက်ပျိုးခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအား အဆိုပါရေနက်ကွင်းများကို စနစ်တကျအသုံးချ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး တိရစ္ဆာန်အစားအစာများ ထွက်ရှိသော တိုင်းဒေသကြီး ဖြစ်သဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို ပိုမိုတိုးချဲ့မွေးမြူဆောင်ရွက်သွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့ ပို့ကုန်များ တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိအောင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နို့စားနွား မွေးမြူခြင်းကို မိရိုးဖလာတစ်ပိုင်တစ်နိုင် မွေးမြူခြင်းသာမက စီးပွားဖြစ်မွေးမြူရေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုပါကြောင်း၊ မွေးမြူရေးဇုန်များဖော်ထုတ်ခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နို့စားနွား၊ နို့စားကျွဲ မွေးမြူရေးလုပ်ငန်းကိုလည်း တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲကိုပြုလုပ်ခြင်းသည် တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက မိတ်ဆက်တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးများနှင့် တိရစ္ဆာန်အစာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
 
     
     
     
    