ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ စံနီကမ်းနား တံတားဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာရှိ မတည်အလှူရှင်နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် တံတားအရှည် ပေ(၃၂၀)၊ အကျယ်(၁၀)ပေ စံနီကမ်းနား သစ်သားတံတားအသစ် ပြန်လည်တည်ဆောက်ခြင်း တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတား၏ မုခ်ဦးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သရက်ပင်လှကျေးရွာရှိ မတည်အလှူရှင်နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် တံတားအရှည် ပေ(၃၂၀)၊ အကျယ်(၁၀)ပေ စံနီကမ်းနားတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့၍ တံတားအားလှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်ပင်လှကျေးရွာ ဇေယျသုခ ကျောင်းတိုက်တွင်ပြုလုပ်သည့် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကို ရရှိသည့်ဘဏ္ဍာငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏စပါးကျီဖြစ်ပြီး မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ဆန်းအရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Quality များ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်စိုက်ပျိုးခြင်းသည် ဆီဖူလုံရေး အတွက်သာမက ထွက်ရှိလာသည့် ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် များစွာအကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈)ခရိုင်တွင် တစ်ခရိုင်လျှင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်း(၁)ကျောင်းဖြင့် စုစုပေါင်း(၈)ကျောင်း ဖွင့်လှစ်ထားပါကြောင်း၊ KG+9ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းသို့ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် Grade-12 အောင်မြင်ပြီးစီးပါက ၎င်းတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံ ပြည်သူလူထုအနေဖြင့်လည်း ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို တင်ပြပေးစေလိုကြာင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်ပေးစေလိုမှု၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးစေလိုမှု၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် မီးသတ်စခန်း ဆောက်လုပ်ပေးစေလိုမှု၊ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း ဆောင်ရွက်ပေးစေ လိုမှုကိစ္စရပ်များအား တင်ပြခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များအပေါ် ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ အသုတ်မြို့နန္ဒာရုံကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)