ပုသိမ် အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
ဦးစွာ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေ များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမ တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောက်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ခြင်း၊ ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာမီးများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါးနွေစပါး (၅၂)သိန်းကျော်နှင့် ပဲမျိုးစုံ(၁၆)သိန်းကျော်အား စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်အပြင် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်စိုက်ပျိုးခြင်းဖြင့် စရိတ်ကုန်ကျမှု သက်သာစေပြီး တောင်သူများအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများထံမှ စိုက်ပျိုးထွက်ရှိသော ပဲပုပ်များကိုဝယ်ယူရန်အတွက် ပဲပုပ်ဈေးကွက်ရှိပြီးဖြစ်ပါကြောင်းနှင့် ဆီကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်တောင်သူလယ်သမားနေ့ရောက်တိုင်း မိုးစပါးအပါအဝင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်များ၊ တောင်သူများနှင့် ဆွေးနွေးပွဲများပြုလုပ်၍ ရလဒ်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပေါ်ဆန်းဖိုရမ်ပြုလုပ်၍လည်း ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်း ထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Qualityများ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးအပေါ်မူတည်၍ စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းရှိစေရေး ကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ် (၃၅၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ပါကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား စိစစ်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူများ၊ အမှန်တကယ် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများ ဖြစ်ထွန်းလာစေရေး လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းများနှင့်အညီ ဖြစ်စေရေး စိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသဖြင့် ရွေးကောက်ပွဲ အောင်မြင်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ တိုင်းဒေသကြီးအတွက် ဆီဖူလုံမှုရှိစေရေး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များ တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောက်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များအား မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ တောင်သူများထံသို့လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များအားမြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ် တို့မှ တောင်သူများထံသို့လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာမီးများကို တောင်သူများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ တွင်ပြုလုပ်သည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းပေါင်း ၇ထောင်ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီးသည့်အခါတိုင်း ပြန်လည်သုံးသပ်ခြင်းများကို ဆောက်ရွက်ခဲ့ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာအင်အားနှင့် ကျောင်းသားအင်အား မမျှတမှုကိုလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့်ဝင်သည့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်၍ ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီစက်ပိုင်ရှင်က မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှု ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပဲပုပ်သီးနှံများကို ခေတ်မီဆီသန့်စက်အသုံးပြု၍ ဆီအဖြစ်ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့် မြန်အောင်မြို့၊ စိန်ဝတ်မှုံ(၁)လမ်းရှိ ဦးမင်းဇော်ဦး၏ ဆီကြိတ်စက်သို့သွားရောက်၍ မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှုနေများ နှင့် ခေတ်မီဆီသန့်စက် တပ်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့သည်။
ဦးစွာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကအုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ထောက်ပံ့ပေးအပ်မှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးမှု၊ အဓိကသီးနှံ(၁၃)မျိုးစိုက်ပျိုးထွက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းသုံးစွဲမှု၊ မိုးစပါးရိတ်သိမ်းမှု၊ ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှု၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု၊ ငါးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု၊ MSMEလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွ က်မှု၊ အခြေခံပညာ၊ အဆင့်မြင်ပညာများတွင် တက်ရောက်ပညာသင်ယူနေမှု၊ စဉ်ဆက်မပြတ်အတန်းစဉ် ကူးပြောင်းရှိစေရေးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ဧကများပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို ရည်မှန်းချက်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများ၏လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးစပါးနွေစပါး ဧက(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံဧက(၁၆)သိန်းကျော်အား စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်အပြင် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Qualityများ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပညာရေးကဏ္ဍအတွက် လိုအပ်ချက်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)