မြန်အောင် အောင်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင် မြန်အောင်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)၊ ဆီထွက်သီးနှံ (ဆောင်းနေကြာ)မျိုးစေ့များပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆိုလာမီးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပြီး မြန်အောင်ခရိုင်အနေဖြင့်စပါးနှင့်ပဲမျိုးစုံကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်အောင်ခရိုင်အတွင်း မိုးစပါးနှင့်ပဲမျိုးစုံ စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လက်စွဲမျိုးစေ့ချကိရိယာ (Drum-Seeder)များကို မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ မိုးစပါးစိုက်တောင်သူများအားပေးအပ်ခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေက ဆီထွက်အထူးဇုန်ဧရိယာတွင်စိုက်ပျိုးသော တောင်သူများအား ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာမီးများအား ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် ဒေသခံတောင်သူများကိုယ်စား မြန်အောင်မြို့နယ်မှ တောင်သူ ဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အေင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများသည် မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စိန်ဝတ်မှုံ(၁)လမ်း မင်းစန်းဦး ဆီစက်နှင့်သဘာဝ မီးစက်လမ်းကောင်းသန့်ဆီစက်တို့တွင် မြေပဲဆီကြိတ်ခွဲနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)