ပွင့်ဖြူ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဦးစွာ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၉၅၇) မိုးစပါးစိုက်လယ်မြေတွင် တောင်သူ ဦးကြည်ညွန့်ပါ ဒေသခံတောင်သူ(၃)ဦး၏ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ ဓာတုဓာတ်ကြွင်းကင်းစင်သော သီးနှံများ ထွက်ရှိရေး၊ စိုက်ပျိုးရေနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲရေးတို့ကို လမ်းညွှန်မှာကြားပြီး တောင်သူများမှ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ကျေးရွာအုပ်စုရှိ လယ်ကိုင်း -ကျောင်းတော်ရာသွား ကတ္တရာကားလမ်း မိုင်တိုင်အမှတ် (၄/၁)နှင့် (၄/၂)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၂ ဒသမ ၈၄ သန်းဖြင့် Ngaphe(K.S) ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ကတ္တရာလမ်းအရှည် (၂)ဖာလုံ ၊ မူလရှိ လမ်းအကျယ် ၁၈ ပေ အား ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် မကြာမီ ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါဝင်ဆန္ဒမဲပေးရန် မဲစာရင်းများတွင် မိမိတို့၏ မဲစာရင်းအမည် ပါ ၊ မပါ စစ်ဆေးကြရန် ၊ မဲစာရင်းတွင် မပါရှိပါက သက်ဆိုင်ရာသို့ မေးမြန်းပြီး မဲစာရင်းပါရှိရေး ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျောင်းတော်ရာကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်သူများမှ မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )