ဘားအံ အောက်တိုဘာ ၂၄
ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ်ဝင်ရောက်လာစေရေး၊ ဒေသတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် သဘာဝတောတောင်စိမ့်စမ်းရေတံခွန်များပေါများသည့်ဒေသဖြစ်ပြီး ရှိနှင့်ပြီးဖြစ်သောခရီးစဉ်ဒေသများကို ထိန်းသိမ်းစောင့်ရှောက်၍ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ကြစေလိုကာ စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများ ကိုအားပေးမြှင့်တင်ကြစေလိုကြောင်း၊ ပြည်နယ်၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာများနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးစဉ်ဒေသများဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက ဒေသကော်မတီများမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ယခုအစည်းအဝေး တွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များနှင့်ဌာနဆိုင်ရာများက ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကိုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများကဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
